အချိန်က အမှန်တရားကို
ရှာဖွေတွေ့ရှိတယ်။
Annaeus Lucius Seneca,
Roman,, 4 BCE - 65 AD
|
အချိန်စီမံခန့်ခွဲမှုစွမ်းရည်တွေ
ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ
ခရီးရှည်တစ်ခုသွားရသလိုမျိုးပဲ။
အဲဒီခရီးရှည်ကြီးကို ယခုဖော်ပြမယ့်
နည်းလမ်းတွေနဲ့ စတင်ပြီးတော့၊
ခရီးတလျှောက်မှာတော့
ကိုယ်တိုင်လိုက်နာကျင့်သုံးမှုနဲ့ အခြား
လမ်းညွှန်ချက်တွေလည်း လိုအပ်တယ်။
နံပါတ်တစ် အနေနဲ့ ကိုယ်ပိုင်အချိန်တွေကို
ဘယ်လိုသုံးနေသလဲဆိုတာ
မိမိကိုယ်တိုင်သတိပြုမိဖို့ လိုပါမယ်။
သူငယ်ချင်းတွေ၊ လုပ်ငန်းခွင်နဲ့ မိသားစုရေးရာ
စတဲ့ လုပ်စရာကိုင်စရာတွေ ကြားထဲကမှ
ကိုယ့်အချိန်တွေက ပညာရှာဖွေခြင်းကို
အထောက်အကူပြု အောင်မြင်စေတဲ့၊
အရေးကြီးမှုအလိုက် အစီအစဉ်တကျ
စုစုစည်းစည်းရှိတဲ့ အသုံးချကိရိယာတစ်ခုလို
ဖြစ်ရမယ်။
ကဲ.. ပထမဦးဆုံး ကိုယ့်ရဲ့ အချိန်တွေကို
တနေ့တနေ့ ဘယ်လိုသုံးစွဲနေသလဲဆိုတာသိဖို့
time management လေ့ကျင့်ခန်းလေးကို
ဖြေကြည့်ပါဦး။
အချိန်အသုံးချရေးအတွက် မဟာဗျူဟာများ
ယခုဖော်ပြမယ့် အချိန်စီမံခန့်ခွဲမှု
အသုံးချနည်းလမ်းတွေက ပညာလေ့လာရာမှာထိရောက်တဲ့
အလေ့အကျင့်ကောင်းများဖြစ်တယ်ဆိုတာ အများက
လက်ခံကြပါတယ်။ နည်းလမ်းတစ်ခုချင်းစီကို
လေ့လာရင်းနဲ့ ဘယ်နည်းလမ်းတွေက ကိုယ်နဲ့
အဆင်ပြေကိုက်ညီမယ်ဆိုတာ အိုင်ဒီယာရရင်
စာရွက်လွတ်ပေါ်မှာ ရေးမှတ်ထားပါ။
-
လေ့လာချိန်နဲ့ ခေတ္တရပ်နားချိန်
ကျောင်း
စဖွင့်ပြီ၊ ဘာသာရပ်အချိန်ဇယားတွေလည်း
သိရပြီဆိုရင် ပုံမှန်ရက်သတ္တပတ်တစ်ခုအတွက်
ဘယ်အချိန်ကနေ ဘယ်အချိန်ထိ၊ ဘယ်ဘာသာရပ်ကို
လေ့လာမယ်ဆိုတဲ့ စာကြည့်ချိန်တွေကို
သတ်သတ်မှတ်မှတ်ရှိဖို့ ပြင်ဆင်ထားရမယ်။
စာကြည့်ချိန်တစ်ချိန်ဟာ အများအားဖြင့် မိနစ်
၅၀ လောက်ဆိုရင် သင့်တော်ပါတယ်။ ဒါပေမယ့်
နာရီဝက်လောက် စာကြည့်ပြီးရင်ပဲ
ဂနာမငြိမ်ဖြစ်ကောင်း ဖြစ်လာမလားပဲ။ ခက်ခဲတဲ့
ဘာသာရပ်တွေကို လေ့လာတဲ့အခါမှာတော့
စာကြည့်လိုက် မကြာခဏ နားလိုက် လုပ်ရလိမ့်မယ်။
လိုအပ်ရင်တော့ ကိုယ့်လေ့လာတဲ့
ကြာမြင့်ချိန်ကို လျှော့နိုင်တယ်၊ ဒါပေမယ့်
သတ်မှတ်ထားတဲ့ လေ့လာချိန်ဇယားအတိုင်းတော့
သွားရလိမ့်မယ်။ နားတဲ့အချိန်မှာ
သင်လုပ်တဲ့အရာတွေက အဆာပြေ မုန့်စားတာ၊
အပန်းဖြေတာမျိုး၊ ဒါမှမဟုတ်
လန်းဆန်းလာအောင်လုပ်တာ၊ ပြန်ပြီး
အားပြည့်လာအောင်လုပ်တာမျိုးတွေ ဖြစ်သင့်တယ်။
ကိုယ့်အတွက် စူးစိုက်မှုအားကောင်းပြီး
စာမြန်မြန်ရမယ့် အချိန်တွေမှာ စာကြည့်ချိန်
သတ်မှတ်ထားသင့်တယ်။ ကိုယ့်အတွက် မနက်က
စာကြည့်ရ ပိုကောင်းလား? ည က ပိုကောင်းလား?
ကိုယ်တိုင်စဉ်းစားကြည့်ပါ။
-
ကိုယ့်အတွက် အသင့်တော်ဆုံးနဲ့
အကောင်းဆုံး လေ့လာနိုင်မယ့်
ကြာမြင့်ချိန်ကို ရေးချကြည့်ပါ။
ဘယ်လောက်ကြာမှာလဲ? ခေတ္တနားချိန်မှာ
ဘယ်အရာတွေက အားပြည့် လန်းဆန်းစေသလဲ?
စာကြည့်ချိန်၊ အနားယူချိန်တွေကို
အစီအစဉ်အတိုင်းကော
ထိန်းချုပ်ထားနိုင်လား?
-
စိတ်အေးလက်အေး လေ့လာနိုင်မယ့် နေရာလေးများ
ပြင်ပအနှောင့်အယှက်တွေ၊ ဆူညံသံတွေကင်းပြီး
စာကို အာရုံစူးစိုက်လေ့လာနိုင်မယ့်
နေရာတစ်ခုကို သတ်မှတ်ထားရမယ်။ သတ်မှတ်ထားတဲ့
နေရာမှာ တစ်ခါတစ်ရံ ဆူညံတာ၊
အာရုံစူးစိုက်မှုကို
အနှောင့်အယှက်ဖြစ်စေတာတွေရှိခဲ့ရင်
ကိုယ့်လေ့လာမှု မပျက်စေဖို့ အရံနေရာ
တစ်ခုခုရှာထားသင့်တယ်။ ဥပမာ- စာကြည့်တိုက်၊
ဌာနစာဖတ်ခန်း၊ ဒါမှမဟုတ် လူရှင်းတဲ့
ကော်ဖီဆိုင်လေး တစ်ဆိုင်လို နေရာမျိုးပေါ့။
နေရာအပြောင်းအလဲ ဖြစ်သွားတော့ နည်းနည်းတော့
လိုအပ်တာလေးတွေ သယ်ရပိုးရတာရှိမယ်။
-
ဘယ်နေရာဆိုရင် ကိုယ့်လေ့လာမှုအတွက်
အသင့်တော်ဆုံးဖြစ်မလဲ? တခြား
အရံနေရာတစ်ခုဆိုရင်ကော ဘယ်နေရာဖြစ်မလဲ?
-
အပတ်စဉ်
ပြန်လည်သုံးသပ်ခြင်း
နောက်ထပ် အရေးကြီးတဲ့ မဟာဗျူဟာ တစ်ခုကတော့
အပတ်စဉ် ပြန်သုံးသပ်ခြင်းနဲ့
အလျော့အတင်းပြန်လည် ပြင်ဆင်ခြင်းပါပဲ။
ရက်သတ္တပါတ်တစ်ခုစီမှာ- ဥပမာ
တနင်္ဂနွေနေ့ညလိုဟာမျိုးမှာ ကိုယ်ရဲ့ Assignment
တွေ၊ မှတ်စုတွေ၊ နေ့စဉ်အပတ်စဉ်
လုပ်ငန်းအစီအစဉ်တွေကို ပြန်ပြီး သုံးသပ်ခြင်း၊
ညှိနှိုင်းခြင်းများ ပြုလုပ်ရမယ်။ အဲဒီလို
လုပ်တဲ့အခါမှာ သတ်မှတ်ချိန်အတွင်း ပြီးရမယ့်
လေ့ကျင့်ခန်းတွေနဲ့ စာမေးပွဲတွေကိုပါ
ထည့်စဉ်းစားဖို့ လိုမယ်။ သူတို့ကို
အပတ်စဉ်ပုံမှန်လုပ်နေကျ
ကိုယ့်လေ့လာမှုအစီအစဉ်တွေနဲ့ လိုက်လျောညီထွေ
ရှိဖို့လည်း သတိပြုရမယ်။
-
အပတ်စဉ် ပြန်လည်သုံးသပ်တာတွေ လုပ်ဖို့
ဘယ်နေ့ဘယ်အချိန်က သင့်အတွက်
အဆင်ပြေဆုံးဖြစ်မလဲ?
-
Assignment တွေကို အရေးကြီးမှုအဆင့်ခွဲခြား
စာလေ့လာတဲ့အခါမှာ အခက်ဆုံးဘာသာရပ် ဒါမှမဟုတ်
အခက်ဆုံး လုပ်ရမယ့်အရာကို ပထမဆုံး လုပ်တတ်တဲ့
အကျင့်ကောင်းလေး မွေးမြူဖို့ လိုပါတယ်။
လန်းလန်းဆန်းဆန်းရှိတဲ့အချိန်၊
အင်တိုက်အားတိုက်လုပ်နိုင်တဲ့ အချိန်မှာမှ
အခက်ဆုံးအလုပ်တွေကို တတ်နိုင်သလောက်
အကောင်းဆုံးလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်
ပိုမိုခက်ခဲတဲ့ သင်ခန်းစာများအတွက်
လည်းပြုလွယ်ပြင်လွယ် လုပ်နိုင်ဖို့
ကြိုးစားထားရမယ်။ ဥပမာ- Assignment တွေကို
နောက်ဆုံးအပြီးတင်ရမယ့်ရက်
မတိုင်ခင်ပြီးအောင်လုပ်ပြီး မှတ်ချက်ယူတာ၊
နောက် လိုတာထပ်ထည့် ပြင်ဆင်တာမျိုးပေါ့။
-
သင့်ကို အမြဲတမ်း အခက်အခဲဖြစ်စေတဲ့ ဘာသာရပ်က
ဘာလဲ?
-
အခု
ချက်ချင်းလုပ်
“ခရီးရှည်တစ်ခုဟာ
ခြေလှမ်းတစ်လှမ်းနဲ့အစပြုတယ်” ဆိုတဲ့
တရုတ်ဆိုရိုးစကားတစ်ခုဟာ အနက်အဓိပ္ပါယ်တွေ
အတော်များများရှိမယ်။ ပထမအချက်က လုပ်ရမယ့်
အလုပ်ကို စတင်လိုက်ပါ၊ စ တည်ထားလိုက်ပါ။
ဒုတိယအချက်က စတင်လိုက်တဲ့အတွက်ကြောင့်
အစီအစဉ်ထဲမှာ မပါဘဲ လိုအပ်တာတွေကို သိလာမယ်။
လုပ်ငန်းတစ်ခုမစမချင်း အဲဒီလုပ်ငန်းနဲ့
ပတ်သက်တဲ့ အသေးစိတ် လုပ်ဆောင်စရာတွေကို
မသိနိုင်ဘူး။ “အပြစ်ဆိုစရာမရှိအောင်
ပြည့်စုံကောင်းမွန်ခြင်းက အတော်အသင့်
ကောင်းမွန်ခြင်းရဲ့ ရန်သူဖြစ်တယ်” ဆိုတဲ့
ဆိုရိုးတစ်ခုကိုတော့ အလုပ် တစ်ခုခုစတင်ဖို့
နှောင့်နှေးကြန့်ကြာနေတတ်တဲ့အချိန်မှာ
သတိရလိုက်ပါ။ လုပ်ရမယ့်အလုပ်ကို သုံးသပ်ကြည့်၊
အိုင်ဒီယာတွေ ပုံကြမ်းလောင်း၊ ပြီးရင်
စတင်လိုက်တော့။ နောက်မှ ပြန်လည်တည်းဖြတ်ဖို့၊
ပိုကောင်းလာအောင်လုပ်ဖို့ဆိုတာတွေအတွက်
အချိန်တွေရှိလာလိမ့်မယ်။
-
မလိုအပ်တဲ့ လုပ်ငန်းတွေကို အလုပ်မပြီးမချင်း
ရွှေ့ဆိုင်းထား
အရေးကြီးတဲ့ ကျောင်းစာတွေပြီးတဲ့အထိ
အခြားအလုပ်တွေကို ရွှေ့ဆိုင်းထားပါ။ ဒါက
အချိန်စီမံခန့်ခွဲမှုရဲ့ ကိုင်တွယ်ရ
အခက်ခဲဆုံးအပိုင်းပဲ။ ကျွန်တော်တို့
ပညာသင်ယူတဲ့သူတွေ အမြဲတမ်းလိုလို
မမျှော်လင့်တဲ့ အခွင့်အလမ်းတွေ ကြုံတတ်တယ်။
အဲဒီအလုပ်တွေက စိတ်ဝင်စားဖို့တော့
ကောင်းပါရဲ့၊ နောက်တော့ လုပ်ရင်းလုပ်ရင်း
စာမေးပွဲတွေ၊ စာတမ်းတွေ၊
လုပ်ငန်းပြင်ဆင်မှုအပိုင်းတွေစတဲ့
အဓိကအလုပ်တွေမှာ ရလဒ်တွေမကောင်းတော့ဘူး။
စာမေးပွဲတွေ၊ Assignment တွေ စတဲ့ ဖိအားတွေ
မရှိတဲ့ နောက်ပိုင်းမှသာ အဲဒီအာရုံပျက်စေတဲ့
ပြင်ပအလုပ်တွေကို လုပ်ရတာ
ပိုပျော်စရာကောင်းလိမ့်မယ်။ အဲဒီတော့
ကိုယ့်ပညာရေး ထူးချွန် ပေါက်မြောက်
အောင်မြင်မှုကနေ ရမယ့် ပီတိသောမနဿတွေကို
စိတ်ကူးကြည့်။ အခြားဟာတွေကိုတော့ “နိုး”လို့
ပြောမယ့်အစား “နောက်မှ”လို့ ပြောဖို့
ကြိုးစားပါ။
-
ကိုယ့်စာကိုယ် လေ့လာချိန်တွေ ရပ်ထားရလောက်အောင်
ဖြစ်စေတဲ့ အနှောင့်အယှက်တစ်ခု ကဘာလဲ?
-
ကိုယ့်ကို ကူညီပေးနိုင်တဲ့ နေရာတွေကို
ခွဲခြားသိထား
တက္ကသိုလ်က နည်းပြဆရာတွေလား? အရမ်းတော်တဲ့
စာဂျပိုး သူငယ်ချင်းတစ်ယောက်လား? ပိုကောင်းတဲ့
ဖြေရှင်းချက်တွေရဖို့ အင်တာနက်မှာ
သိချင်တာရိုက်ထည့်ပြီး ရှာဖို့
ကြိုးစားကြည့်ဖူးလား? ကိုယ်သိချင်တဲ့
အချက်တွေရှိရာကို ညွှန်ပြပေးနိုင်တဲ့
ကျွမ်းကျင်သူတွေ စာကြည့်တိုက်မှာရှိလား?
ဒါမှမဟုတ်ရင် သက်ဆိုင်တဲ့ ဘာသာရပ်အလိုက်
ကျွမ်းကျင်သူတွေ၊ ကျွမ်းကျင်တဲ့
အဖွဲ့အစည်းတွေဆီကကော? ပြင်ပက ရရှိနိုင်တဲ့
အကူအညီတွေကို အသုံးချတတ်ရင် အချိန်ကုန်
လူပင်ပန်း သက်သာပြီး အခက်အခဲကို
ဖြေရှင်းရာမှာလည်း လွယ်ကူလိမ့်မယ်။
-
အထက်မှာ သင်ရေးခဲ့တဲ့ အခက်တွေ့နေရတဲ့ ဘာသာရပ်ကို
အဆင်ပြေဖို့ ပြင်ပအကူအညီရနိုင်မယ့် နည်းလမ်း ၃
ခုကို ဥပမာအနေနဲ့ ရေးကြည့်ပါ။ တိတိကျကျရေးလေ
ကောင်းလေပဲ။
-
အားလပ်ချိန်တွေကို ဥာဏ်ရှိရှိ အသုံးချ
လမ်းလျှောက်ရင်း၊ ဘတ်စ်ကားစီးရင်း စတဲ့
အခါမျိုးတွေမှာ မဆိုစလောက်
လေ့လာဖို့အချိန်လေးတွေ ရှိနိုင်မလား
စဉ်းစားကြည့်။ မင်းအနေနဲ့ ဂီတဘာသာရပ်ယူထားရင်
သီချင်းတွေ
နားထောင်လေ့လာရဖို့လိုကောင်းလိုမယ်၊ ဒါမှမဟုတ်
နိုင်ငံခြားဘာသာစကားတစ်ခုခု သင်ကြားရာမှာ
နားထောင်မှု အလေ့အကျင့်လေးတွေ လိုချင်လိုမယ်။
ဒါဆိုရင် လမ်းလျှောက်ရင်း၊ စက်ဘီးစီးရင်း၊
လမ်းဘေးမှာ ချိန်းထားတဲ့လူကိုစောင့်ရင်း
လေ့ကျင့်ရမယ့် သီချင်းတွေ၊ ဘာသာစကားတွေကို
နားထောင်နိုင်တာပေါ့။ Flash card လိုမျိုး
ပုံမှန်လုပ်ဆောင်နိုင်မယ့် အလုပ်တွေကို
အဲဒီအချိန်မှာ လုပ်ရင် အကောင်းဆုံးပဲ။
တကယ်လို့ အာရုံစူးစိုက်နိုင်ရင် chapter
တစ်ခုကို ပြန်ဖတ်နိုင်တယ်။ ပြောချင်တာက
အချိန်တွေကို အကျိုးရှိရှိ အသုံးချပေးဖို့ပဲ။
-
သင့်အနေနဲ့ ပညာလေ့လာမှုအတွက် အားလပ်ချိန်တွေကို
ဘယ်လိုအသုံးချသလဲဆိုတာ ဥပမာလေး တစ်ခုလောက်
ရေးကြည့်ပါ။
-
စာသင်ချိန်မတိုင်မီလေးမှာ မှတ်စုနဲ့ စာတွေ
ပြန်ကြည့်
အဲဒီလို
ကိုယ်သိပ်နားမလည်တဲ့ အကြောင်းအရာကို ခဏလေး
စာပြန်ကြည့်လိုက်ခြင်းအားဖြင့် ဆရာ
စာသင်နေတဲ့အချိန်မှာကော၊ အတန်းပြီးသွားတဲ့
အချိန်မှာပါ မေးခွန်း တစ်ခု (သို့)
နှစ်ခုလောက် မေးချိန်ရမယ်။
ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်က စာကို
စိတ်ဝင်စားကြောင်း၊ ပြင်ဆင်ထားကြောင်း
ပေါ်လွင်စေနိုင်တာပေါ့။
-
မှတ်စုနဲ့ စာတွေကို ခဏပြန်ပြီး ဖတ်ကြည့်ဖို့
အချိန်ရအောင် ဘယ်လိုလုပ်မလဲ? အဲဒီလို လုပ်ဖို့
အားလပ်ချိန် မင်းမှာရှိလား?
-
ပို့ချချက်မှတ်စုတွေကို အတန်းပြီးပြီးချင်း
ပြန်ဖတ်၊ ပြန်ကြည့်
ပို့ချချက်မှတ်စုတွေကို အတန်းပြီးတာနဲ့
တတ်နိုင်သမျှ ချက်ချင်း ပြန်လေ့လာကြည့်ပါ။
ပို့ချချက် ပြီးနောက် ပထမ ၂၄ နာရီက
အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့
ပြန်မဖတ်ခဲ့ဘူးဆိုရင် မေ့ပျောက်သွားမှုပမာဏက
၂၄ နာရီအတွင်းမှာ အများဆုံးပဲ။
-
အဲဒီလို မေ့ပျောက်မသွားအောင် ဘယ်လိုလုပ်မလဲ?
အဲဒီလို လုပ်ဖို့ အားလပ်ချိန် မင်းမှာရှိလား?
အထက်မှာ
ဖော်ပြခဲ့တဲ့ လက်တွေ့အသုံးချ အချက်
(၁၀)ချက်ကို ပြန်ပြီးတော့ သုံးသပ်ကြည့်ပါ။
တစ်ခုကိုရွေးပြီးတော့ သုံးကြည့်ပါ၊ ပြီးတော့
ကိုယ်လေ့လာမှုအတွက် အကျင့်သစ်တစ်ခု
ဖြစ်လာအောင် မွေးမြူပါ။
ကဲ..ကိုယ်နဲ့ကိုက်ညီပြီး အစအဆုံး
အလုပ်ဖြစ်မယ်ထင်တဲ့ အလေ့အကျင့်တစ်ခုကို
စမ်းကြည့်လိုက်ပါ။ “ပထမဆုံးတစ်ကြိမ်
အောင်မြင်စွာကြိုးစားနိုင်တာလောက်
အောင်မြင်နိုင်တာမရှိဘူး” တဲ့။
---------
မင်နီဆိုတာ တက္ကသိုလ်ရဲ့
Assignment Calculator
ပရိုဂရမ်လေးကို စမ်းကြည့်ပါဦး။
----------
ပညာရေးလိုအပ်ချက်သာမက အခြားလိုအပ်ချက်တွေကိုပါ
အဆင်ပြေစေမယ့်
ဟန်ချက်ညီကိုယ်ပိုင်အချိန်ဇယားဖြစ်ဖို့
သတ်မှတ်ချက်တွေကို ဖော်ထုတ်ပါ။
ထိရောက်တဲ့ နည်းလမ်းများ
-
ရိုးရှင်းတဲ့
"To Do"
List (‘လုပ်ရန်” စာရင်း)
တစ်ခုပြုလုပ်ပါ။
ဒီလို ရိုးရှင်းလှတဲ့ ပရိုဂရမ်လေးက
ကိုယ့်လုပ်ရမယ့်
အဓိကဦးစားပေးလုပ်ငန်းအနည်းငယ်ကို
ဖော်ထုတ်နိုင်မယ်၊ ပြီးတော့
အဲဒီလုပ်ငန်းတွေကို လုပ်ရခြင်းရဲ့
ရည်ရွယ်ချက်၊ ပြီးစီးရမယ့် အချိန်ကာလ
စတာတွေကိုပါ ဖော်ထုတ်ပေးမယ်။ ပြီးတော့
ပရင့်ထုတ်ပြီး မြင်နိုင်တဲ့နေရာမှာ
ကပ်ထားလိုက်ခြင်းဖြင့် ကိုယ့်ကိုကိုယ်
သတိပေးနေပါ။
-
နေ့စဉ်/အပတ်စဉ်ပြုလုပ်ရမည့်
လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း
တွေ့ဆုံရမယ့် ချိန်းဆိုထားတာတွေ၊ အတန်းတွေ၊
အစည်းအဝေးတွေကို အချိန်ပြဇယားကွက် (သို့)
စာအုပ်မှာ ချရေးပါ။ ချမရေးဘဲ စိတ်ကူးနဲ့
ပုံဖော်တတ်ရင်တော့ လုပ်ငန်းစဉ်ကို
အကြမ်းရေးထားပါ။ မနက်မှာ ပထမဆုံး
ဘာလုပ်ရမလဲဆိုတော့၊ ဒီနေ့တနေ့တာအတွက် ဘာတွေ
လုပ်ဖို့ရှိတယ်ဆိုတာ စစ်ဆေးထားရမယ်။ အမြဲတမ်း
နောက်တစ်နေ့အတွက် လုပ်မယ့် လုပ်ငန်းစဉ်တွေ
သေချာပြင်ဆင်ပြီးပြီဆိုတာ သိမှ အိပ်ယာဝင်ပါ။
-
လစဉ်/နှစ်စဉ် စီမံကိန်းဆွဲထားသူ
လစဉ်ပြ
အချိန်ဇယားကွက်ကို အသုံးပြုခြင်းဖြင့်
ကြိုစီစဉ်ထားလို့ရမယ်။ စီမံကိန်းဇယားက
ကိုယ့်အချိန်တွေကို တန်ဖိုးရှိရှိ စီမံထားတယ်၊
ကိုယ့်ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ
သတိပေးဖော်ပြနေလိမ့်မယ်။